နွယ်လေး တို့ ကုမ္ပဏီ အကြီးအကဲ တစ်ယောက်က ပြောခဲ့ဖူးသည် ။ သူ့ဘ၀ ရဲ့ရည်မှန်းချက်တွေ အတွက် လမ်းကြောင်းတွေ ချမှတ်တဲ့အခါ (၄) နှစ်တခါ အစီအစဉ်ဆွဲပြီး ၄ နှစ်ပြည့်တိုင်း ပြန်သုံးသပ်တယ် တဲ့ ။ သူကတော့ တော်တော်ကို အောင်မြင်နေတဲ့ စီးပွားရေး ပညာရှင်တစ်ယောက် ။ မိသားစုဘ၀မှာလည်း ဇနီးနဲ့ သားသမီးတွေ ကို အရေးတကြီးနဲ့ ချစ်ချစ်ခင်ခင် ပျော်ရွှင်နေတဲ့ လူတစ်ယောက် ။ နောက်ပြီး သူ့လက်အောက်က ၀န်ထမ်းတွေကိုလည်း သူ့လိုပဲ ကျားကုပ်ကျားခဲ ကိုယ့်ကိုယ်ကိုယ် မနားတမ်း စေခိုင်းချင်သူ ( ဒီအချက်ကတော့ နွယ်လေးနဲ့ ဆန့်ကျင်ဘက် ပေါ့ ) ။
နွယ်လေး ဆန့်ကျင်ရတဲ့ ကိစ္စ ကို အသာထား ပြီး သူ့ဆီက ကောင်းကွက်လေးတွေ ရှာကြည့်ကြရအောင် ။ သူ က ( ၄) နှစ်အတွင်း ရည်မှန်းချက်တွေ ချရတဲ့ အကြောင်းကတော့ ကမ္ဘာ့အိုလံပစ် အားကစားပွဲတွေကို လေးနှစ်တစ်ကြိမ် ကျင်းပ ခဲ့လို့ပါ တဲ့ ။ ပြိုင်ပွဲတွေ မှာ အောင်နိုင်ခဲ့တဲ့ အားကစားသမားတွေကလည်း နောက် ( ၄) နှစ်အတွက် ထပ်နိုင်အောင် ပြင်ဆင်ကြတယ် ။ ရှုံးခဲ့တဲ့ လူတွေဟာလည်း နောက် (၄) နှစ် ကို ပြန်အားတင်းရင် အားနည်းချက်တွေ ကိုပြင် ၊ လေ့ကျင့်မှုတွေ တရစပ် လုပ်ကြတယ် ။ ( ၄ ) နှစ်ပြည့်တဲ့ အခါ ဘယ်သူ နိုင်တယ် ဘယ်သူ ရှုံးတယ် ဆိုတဲ့ အဆုံးအဖြတ် ပေးမှာကို ။
နွယ်လေးတို့ဘ၀ မှာတော့ အားကစားပြိုင်ပွဲတွေလို့ အနိုင်အရှုံးဆိုတာ မသိသာ မထင်ရှားလှပါဘူး ။ ဒါပေမဲ့ ကိုယ်လျှောက်လှမ်းခဲ့တဲ့ ဘ၀ကို နောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါ အောင်မြင်ခဲ့တာတွေ များခဲ့သလား …. ဘာတွေ အောင်မြင်ခဲ့သလဲ ….. ဘာတွေ ဆုံးရှုံးခဲ့လဲ …. အချိန်ပေးပြီးတွေးကြည့်ကြရအောင်ပါ ……ပြီးရင် အောင်မြင်ခဲ့တဲ့ အရာတိုင်းအတွက် ကိုယ့်ကိုယ်ကိုယ် ချီးကျူးပေးပါ ….. ဆုလာဒ်ပေးလိုက်ပါ ကိုယ့်ကိုယ်ကိုယ် ….. ဆုံးရှုံးခဲ့ပြီးတဲ့ အရာတွေ အတွက်တော့ နောက်တစ်ကြိမ်ပြန်ပြီး ထပ်တူ အဖြစ်မျိုးတွေ ကြုံလာခဲ့ရင် နောက်တမျိုး ရင်ဆိုင်ဖို့ အားမွေးထားပါ …… ဆက်လက်ပြီး ကြိုးစားရမယ့် အရာတွေအတွက် လည်း လူရော စိတ်ရော ရွှင်လန်းစွာနဲ့ ပြင်ဆင်နိုင်ပါစေ …….
တခါတရံေ၀၀ါးသွားတဲ့ ပြောင်းလဲ သွားတတ်တဲ့ ရည်မှန်းချက်တွေ လည်း ရှိတတ်ပါတယ် …. အဲ့လိုမျိုးတွေဆို စိတ်ကို ပိုင်းဖြတ်ပြီး လွှတ်ချခဲ့ပါ …….. ပိုပြီး အရေးကြီးတာက ဘ၀ရဲ့ ရည်မှန်းချက်တွေ ပြည့်ဖို့လည်း မဟုတ်ပါဘူး ……. အနာဂတ်မှာ ကြီးကျယ်မြင့်မြတ်တဲ့ဘ၀ဆိုတာကြီးကို ပိုင်ဆိုင်ဖို့မဟုတ်ပါဘူး …….. ကိုယ်စိတ်နှလုံး အေးချမ်းသက်သာစွာနဲ့ နေ့တိုင်းကို ကျော်ဖြတ်နိုင်ဖို့ …… နောက်ပြန်လှည့်ကြည့်တိုင်းမှာ စိတ်မကောင်းခြင်းကြီးစွာ ခံစားရမဲ့ ကိစ္စမျိုးတွေကို နည်းနိုင်သမျှ နည်းဖို့သာ ဖြစ်ပါတယ် …. အဲ့လိုပဲ ရှေ့ကို ကြည့်ရင်လည်းပဲ ကိုယ့်နောက်ကို လိုက်လာမဲ့ အရိပ်မဲတွေကို မခေါ်ခဲ့မိစေဖို့ ……. ဒီလို ရှေ့လို့ပြောလိုက်တာ ဒီဘ၀ အနာဂတ် ရော နောင်ဖြစ်မဲ့ဘ၀ တွေ ရော အားလုံးအတွက် ပါပါတယ် ……
အနာဂတ်လမ်းဟာ ဖြောင့်ဖြူးဖို့ဆိုတာ ငွေတွေ အများကြီး ပိုင်ဆိုင်မှလား ၊ ပညာတွေ သူတကာထက်ထူးအောင် တတ်ဖို့လား ….. ဒီလိုတွေမေးရင် ဟုတ်ပါတယ် လို့ပဲ ဖြေရပါမယ် ….. ငွေတွေ အများကြီး ပိုင်ဆိုင်ရင် ကိုယ်က ပေးရတဲ့လူ ဖြစ်တာ ဘယ်လောက် ကောင်းလိုက်သလဲ ……. ပညာတွေ တတ်ရင်လည်း တခြားသူတွေ ကောင်းအောင် ဘာတွေ လုပ်ပေးနိုင်မလဲ …..ပညာပဲ ဖြန့်ဝေမလား ……. ကောင်းတာတွေချည်းပါပဲ …….စားဝတ်နေရေး ဆိုတာတွေ ပူပန်စရာမလိုတော့ဘူး ပေါ့ ။ အဲ့ တခုတော့ ခြွင်းချက်ရှိပါတယ် …. ကိုယ် ရယူထားတာတွေက သူများမပေးတာတွေကို ယူထားတာ မဖြစ်ရပါဘူး ……. ရှင်းရှင်းလေးပါ ….. *အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။ သူတပါး မပေးတဲ့ ဘယ်အရာကိုမှ မယူမိစေဘဲ …… စစ်မှန်စွာ ပိုင်ဆိုင်တာ ပဲ ဖြစ်ဖို့ က ပိုအရေးကြီးပါတယ် ……..
“ ကိုယ်ကျင့်သိက္ခာတည်သော အခါဝယ် သြဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဘက်ဝင် ” ဆို တဲ့ အတိုင်း သိက္ခာရှိသော ဘ၀ အနာဂတ်လမ်း ကို လျှောက်လှမ်း ကြရအောင်ပါ …….
No comments:
Post a Comment