Thursday, November 17, 2011

အမှတ်တရ ဘိုးဘိုး

ည ( ၂ ) နာရီထိုးတဲ့အထိ အိပ်လို့ မရသေး …. ကြာပြီဖြစ်တဲ့ အဘိုးအကြောင်းတွေ ခေါင်းထဲ ရောက်လာသည် ။ နွယ့် အဘိုး က တိုက်ကြီးဇာတိပါ ။ တိုက်ကြီးကနေ ရန်ကုန်တက်လာပြီး ဟိုင်းဝေး ပြေးဆွဲတဲ့ လော်လီ ကားကြီးတွေ မောင်းသည် ။ ကားမောင်းတာကလွဲပြီး သူဘာမှ မတတ် ။ ဒါပေမဲ့ ကြိုးကြိုးစားစား ရှိတော့ မကြာမီ ရန်ကုန်မှာ အိမ်ဝယ်နိုင်သည် ။ နောက် ကားကြီးတွေ ပိုင်တဲ့ အဆင့်ထိ တိုးတက်လာသည် ။

အဘိုး တို့ခေတ် က ယောင်္ကျားတစ်ယောက် အလုပ်လုပ် လျှင် တမျိုးလုံး ထိုင်စား ၍ ရသော ခေတ်မို့ အဘိုး က သူ့အမေ နဲ့ အမတွေ ရော ( မောင်အငယ်ဆုံးမို့ ) ၊ သူ့မိန်းမ ( အဖွား ) နဲ့ သားသမီးတွေ ( မေမေတို့ မောင်နှမတွေ ) ရော အကုန် ကောင်းမွန်အောင် နေနိုင်စားနိုင်စေခဲ့သည် ။

အဘိုးက အသက်ကြီးပြီး အလုပ်မလုပ်သည့်တိုင် သားသမီး နှင့်မြေးများကို ဆက်၍ စောင့်ရှောက်နေဆဲ ။ သူ့ကို ကျွေးမွေးရသည်ထက် သူကသာ သားသမီးတွေကို ကြည့်ရှုထောက်ပံ့ ပေးခဲ့သူ ဖြစ်သည် ။ ငယ်စဉ်က လော်လီကားတွေ တောက်လျှောက်မောင်းခဲ့ လို့ပဲလားမသိ ၊ အဘိုး နား လေး သည် ။ နားတစ်ဖက် က လုံးဝ မကြားသလောက် ၊ ကျန်တဖက်က အားစိုက်နားထောင် ရသည် ။ နားကြပ်တပ်ထားပြီး သူ စိတ်ဝင်စားသည့် သတင်းတွေ နားထောင်သည် ။ ဘောလုံးပွဲ သတင်း ရေဒီယို ဖွင့်ပြီး နားထောင်တတ်သည် ။

နွယ်တို့ အဘိုးအိမ်သွားလျှင် သူက ရှိရှိသမျှ မုန့် တွေ ၊ ထမင်း အကုန် ချကျွေးတော့ သည် ။ အဘိုးက သူ့ဘ၀ တစ်သက်တာ အပေးသမား သတ်သတ် ဖြစ်ခဲ့ သည် ။ သားသမီးတွေ တပည့်တွေက ဆီက ယူခဲ့ဖို့ထက် သူ့မှာ ရှိတာ ပေးခဲ့သည်ချည်းသာ ဖြစ်သည် ။ ဒါပေမဲ့ အဘိုး အပြောမတတ် ။ ရုတ်တရက် ဆို အော်ဟစ် နေသလို ၊ ဆူတတ် ဂျီကျတတ်တဲ့ အဘိုးကြီးလိုလို ။

နွယ်လည်း ငယ်တုန်းက နားမလည်တတ်ခဲ့ပေမဲ့ အရွယ်ရောက်တဲ့ အချိန်မှာ အဘိုးရဲ့ စေတနာ မေတ္တာတွေကို သိမြင်ခဲ့တော့ အဘိုး အော်သလိုဖြစ်ရတာ သူနားလေးလို့ ၊ ဂျီကျတာက အသက်ရလာတော့ လှုပ်ရှားရတာ မသွက်တော့ အားမလိုအားမရဖြစ်လို့ ၊ အော်ဟစ် ကြိမ်းမောင်းခဲ့သမျှ တွေဟာလည်း ကောင်းစေချင်တဲ့ စိတ်နဲ့ ဂရုဏာ ဒေါသော ဖြစ်ရတာတွေ ဖြစ်လို့ အဘိုးကို လေးစားချစ်ခင်ခဲ့ရပါတယ် ။

ရွှေဘုံသာလမ်း ကို လျှောက်တိုင်း နားကြပ်ကိရိယာရောင်းတဲ့ ဆိုင်ကိုတွေ့မိရင် ငါ အဘိုးကို နားကြပ်လေး ၀ယ်ကန်တော့မယ် ဆိုတဲ့ စိတ်ကူးလေး နဲ့ ။ ဒီလိုနဲ့ တလကုန်လည်း ကိုယ့်အတွက် ပစ္စည်းတွေ ဦးစားပေးဝယ်မိရင်း ( ဦးလေးတွေ အဒေါ်တွေက အဘိုးကို နားကြပ် အသစ်တွေ ၀ယ်ပေးကြလို့ ) ရပါသေးတယ် ဆိုပြီး နောက်ဆုတ်ရင်း ……နောက်ဆုတ်ရင်း နဲ့ တနေ့မှာ အဘိုးနေမကောင်းလို့ ဆေးရုံတက်ရတယ် သတင်းနဲ့ အတူ နောက်နေ့မနက် မေမေက ဆေးရုံက နေ အဘိုးဆုံးပြီ ဆိုတဲ့ သတင်းဆိုး ကို ကြားလိုက်ရတယ် ။

တကယ်တော့ အဘိုးမှာ နှလုံးရောဂါ အပြင် ဆီးချိုလည်း ရှိတာမို့ ဆေးရုံတက်လိုက် ……. သက်သာလို့ ပြန်ဆင်းလိုက်နဲ့ ……..ဒီတခေါက်လည်း နေပြန်ကောင်းမယ် သက်သာမယ်လို့ ထင်ခဲ့မိတယ် ။ ဒါပေမဲ့ သူ စိတ်လျှော့လိုက်ပုံရပါတယ် ။ သားသမီးတွေကို လည်း စိတ်ချ ၊ မြေးတွေလည်း အရွယ်တွေ ရောက်ကြပြီမို့ ပူပင်စရာ နောက်ဆံတင်းစရာ မရှိတော့ဘူးလို့ သူ့စိတ်ကို ဒုံးဒုံးချ လိုက်တယ် ထင်ရဲ့ ။

ဒီနေ့ဆို အဘိုးဆုံးတာ ၂ နှစ် တင်းတင်းပြည့်ခဲ့ပါပြီ ။ ခုထိ အဘိုးသားသမီးတွေက စည်းစည်းလုံးလုံး ချစ်ခင်တုန်း ……… အဘိုးကို ဘယ်သူမှ မေ့မပစ်လိုက်ကြဘဲ အဘိုးအတွက် ကုသိုလ်ကောင်းမှုတွေ လုပ်ပေးနေကြပြီလေ ။ သူ့ကို ချစ်တဲ့ သူ့မြေး နွယ်လေး က ခုထိ ရွှေဘုံသာလမ်းကိုရောက်တိုင်း နားကြပ်ကိရိယာ ဆိုင်ရှေ့ရောက်ရင် ငေးမိတုန်း စိတ်မကောင်းဖြစ်ရတုန်းပါ ……..

ဒါကြောင့် နွယ်လေးတို့ ဘ၀ကို ဖြတ်သန်းတဲ့အခါမှာ ကိုယ့်ကိုယ့်ကိုယ် သာ အမြဲ ဦးစားပေးနေမိတယ် ။ ကိုယ့်အတွက် နဲ့ သူများအတွက် ကိစ္စ ( ၂ ) ရပ် တိုက်ဆိုင်လာတဲ့အခါ ကိုယ့်အတွက်ကိုပဲ အရင် လုပ်တတ်ကြတယ် ။ မိဘ …..နွယ်လေးတို့အတွက် အရေးအကြီးဆုံး မိဘတွေကိုရော အစဉ်အမြဲ ဦးစားပေးမိကြပါရဲ့လား ။ အဘိုး အဖွား တွေ ရှိခဲ့ရင် သူတို့ကို ရော ဦးစားပေးမိကြပါရဲ့လား ။ ကိုယ့်အလုပ်ကိစ္စ ၊ ကိုယ့်ဘ၀တက်လမ်း ကိုယ့်အရေးကိစ္စတွေ အတွက် အချိန်များစွာ အကုန်ခံနေကြပေမဲ့ အိမ်မှာ ပျင်းပြီး ထိုင်စောင့်နေတဲ့ အဘိုးအဖွား အဖေ အမေ တို့ နဲ့ ရော အချိန်တွေ ပေါပေါများများ ပေးမိကြပါရဲ့လား ။ မအားလို့ ….. အလုပ်များလို့ ……..ဆိုပြီး သူတို့ကို ပစ်ထားခဲ့မိတာ ဘယ်လောက်ကြာသွားပြီလဲ ။ နွယ်လေးလို့ စိတ်မကောင်းဖြစ်ခဲ့ရတဲ့ မြေးတွေ ၊ နောက် သားသမီးတွေ ရော ဘယ်လောက် များများ ရှိခဲ့ကြမလဲ ။

ထပ်ပြီး ကိုယ်ချစ်ရတဲ့လူတွေ ……….. ကိုယ့်သူငယ်ချင်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေ …….သူတို့ကိုရော ငါနင့်တို့ကို သတိရတယ် ဆိုတဲ့ သတင်းစကား မပါးမိတာ ဘယ်လောက်ကြာသွားပြီလဲ ။ တခါတလေ လမ်းသွားရင်းတွေ့ရတဲ့ နွယ်လေးတို့နဲ့ဘ၀တူ လူသားတွေ နဲ့ ရော ၁၀ ခါ မှာ ၁ ခါ ကိုယ့်အတွက် ထက် သူတပါးအတွက် ဦးစားပေးကြမယ်ဆိုရင် ……….

2 comments:

Anonymous said...

မိုက်တယ်ဗျာ... ကလောင်နာမည်လေးပေး လိုက်ပါဦး..အားပေးနေတယ်...

နောင်နောင် said...

ကိုယ်ချင်းစာတရားကိုအခြေခံထားတဲ့စိတ်ဓာတ်မျိုး
ထားတတ်ဖို့သာဓကပေးထားတဲ့ပိုစ့်လေးမို့လို့
သဘောကျမိပါတယ်။